*** သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၁) (ဆရာတော်ဦးဇောတိက)…


…ကိုယ့်စိတ်ကို ကိုယ်သိတယ်ဆိုတာ ကိုယ့်ရဲ့အကောင်းဆုံး အရည်အချင်းတွေ ထွက်လာဖို့ အဓိက အကြောင်းဖြစ်တယ်။ ဒီတစ်ခုကိုမှ မလုပ်လို့ရှိရင် ပိုကောင်းတဲ့ တခြားအရည်အချင်းတွေ ထွက်မလာနိုင်ဘူး။

 

…လူနဲ့ တိရစ္ဆာန် ခြားနားမှုဖြစ်တဲ့ မိမိစိတ်ကို မိမိသိခြင်းဆိုတဲ့ စွမ်းရည်ဟာ အတိုင်းအတာ ကန့်သတ်ချက် မရှိဘူး။ လူကို လူပီသအောင်လုပ်ပေးတဲ့ စွမ်းအားသတ္တိဖြစ်ရုံတင်မကပါဘူး၊ သာမန်လူထက် ပိုလွန်တဲ့၊ ထူးကဲတဲ့၊ မြင့်မြတ်တဲ့ လူသားတစ်ဦး ဖြစ်အောင် လုပ်ပေးနိုင်တယ်။

 

…လူတိုင်းမှာ တကယ်မလုပ်မဖြစ်တဲ့အလုပ် တစ်ခုပဲရှိတယ်။ ကိုယ့်အကြောင်း ကိုယ် သိဖို့ပဲ။

 

…ကိုယ့်အကြောင်းကို ကိုယ် အမှန်အတိုင်း သိရတာ မသက်သာပါဘူး။

 

…ကိုယ့်စိတ်ကို ကိုယ် သိလာတဲ့အခါမှာ အင်မတန်ကြီးမားတဲ့ အင်အားတစ်ခုကို တွေ့ရတယ်။ အားငယ်စိတ်၊ ကြောက်စိတ် မရှိတော့ဘူး။ ချီးမွမ်းတာ၊ ကဲ့ရဲ့တာကို မကြောက်တော့ဘူး။ ဆင်းရဲတာ ပင်ပန်းတာကို မကြောက်တော့ဘူး။ ဘာကိုမှ မကြောက်တဲ့စိတ်ကို ရတယ်။

 

…ကိုယ်စိတ်ကို ကိုယ်သိနေတဲ့လူဟာ အကျိုးမရှိတာကို လုပ်ချင်တဲ့စိတ်ကို ဦးစား မပေးတော့ဘူး။ အကျိုးရှိတာကို ဦးစား ပေးတယ်။ လုပ်သင့်တာကို ပိုလုပ်ဖြစ်တယ်။ ဒါကြောင့် ကိုယ့်ဘ၀ဟာ ပိုပြီး အဆင်ပြေလာတယ်။

 

…ကုသိုလ်ကောင်းမှုတွေ အမျိုးမျိုးရှိတဲ့အထဲက တကယ် အကျိုးအများဆုံး၊ အင်အားအကြီးဆုံးကုသိုလ်ဟာ မမေ့မလျော့ သတိနဲ့နေတာ။

 

…ကိုယ့်စိတ်ကိုကိုယ် အမှန်အတိုင်း မသိရင် ကိုယ့်စိတ်က ဂယောက်ဂယက် ဖြစ်နေရင် ကိုယ့်မှာ ဘာ Power မှ မရှိဘူးလို့ ပြောလို့ရတယ်။ မောဟကြီးတဲ့သူရဲ့စိတ်မှာ Power  မရှိဘူး။ သတိကြီးတဲ့သူ၊ သမာဓိကြီးတဲ့သူ၊ ဥာဏ်ပညာကြီးတဲ့ သူရဲ့စိတ်မှာ Power ရှိတယ်။

 

“ အပ္ပမာဒေါ အမတံ ပဒံ ”  ဆိုတာ…အပ္ပမာဒေါ- မမေ့မလျော့ခြင်းသည်၊ အမတံ-မသေခြင်း၏ (တစ်နည်းအားဖြင့်)    နိဗ္ဗာန်၏ ၊ ပဒံ- အကြောင်းပင်တည်း။

“ ပမာဒေါ မစ္စုနော ပဒံ ”  ဆိုတာ…ပမာဒေါ-မေ့လျော့ခြင်းသည်၊ မစ္စုနော-သေခြင်း၏၊ ပဒံ-အကြောင်းပင်တည်း။

“ အပ္ပမတ္တာ နမီယန္တိ- မမေ့မလျော့သူတို့သည် မသေကုန် ”

“ ယေ ပမတ္တာ ယထာမတာ- မေ့လျော့သူတို့သည် သေသူတို့နှင့် တူကုန်၏ ”

 

…သတိမပါ၊ ဥာဏ်မပါပဲနဲ့ ဟိုတွေးဒီတွေးနဲ့ မေ့တိမေ့လျော့နေတဲ့သူဟာ အဲဒီအချိန်ဟာ သူ့အတွက် သေသွားတဲ့ အချိန်ပဲ။ ကိုယ့်ဘ၀မှာ နေနေရတဲ့အချိန်နဲ့ သေနေရတဲ့အချိန် ဘယ်ဟာက များနေလဲဆိုတာ တော်တော် စဉ်းစားသင့်တယ်။ ဒါကြောင့် တကယ်နေလိုက်ရတဲ့အချိန်၊ တန်ဖိုးရှိရှိ နေလိုက်ရတဲ့အချိန်၊ သတိနဲ့ ဥာဏ်နဲ့ သေသေချာချာ နေလိုက်ရတဲ့ အချိန်တွေ များအောင်လို့ ကြိုးစားမှသာ တကယ်အသက်ရှင်တဲ့သူလို့ ဆိုနိုင်မယ်။

 

…သတိနဲ့နေတဲ့ အကျင့်ကို များများလုပ်လာတဲ့အခါကျမှ မေ့တိမေ့လျော့ နေခြင်းသည် တကယ်အသက်မ၀င်ဘူးဆိုတာ သိလာတယ်။ သတိနဲ့နေတာ အင်မတန်အသက်ဝင်တယ်။ ကိုယ့်ဟာကိုယ် တကယ်ခံစားလို့ရတယ်နော်။ သတိမြဲအောင် ကြိုးစားပြီးတော့ နေသွားလို့ရှိရင် “ သတိမြဲလာလေလေ အသက်ဝင်လေလေ ” ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို ပိုသိလေလေ ဖြစ်လာတယ်။

 

…မေ့တိမေ့လျော့ သတိလက်လွတ်နေတယ်ဆိုတာ မကောင်းပါဘူး။ ဘာပဲလုပ်လုပ်၊ ဘာပဲတွေးတွေး အချိန်မရွေး အခါမရွေး သတိနဲ့နေရတာ အကောင်းဆုံးပဲ။

 

…တစ်နေ့တာလုံး သတိကပ်ပြီးတော့ နေတဲ့သူဟာ ကြည်လင်တယ်၊ အေးချမ်းတယ်၊ နူးညံ့တယ်၊ တည်ကြည် ခံညားတယ်။ မျက်နှာအမူအရာ၊ ပြောတာဆိုတာကို ကြည့်ရင်လည်း သတိနဲ့နေတဲ့သူဟာ အပိုအလို မရှိ ပြောတယ်။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ရှိတယ်။

 

…သတိရှိနေခြင်းသည်ပင်လျှင် စိတ်ဓါတ်နဲ့အသိဥာဏ်ကို မြှင့်ပေးထားတာနဲ့ တူတယ်။ မေ့တိမေ့လျော့နေတာဟာ ကိုယ့်ရဲ့ စိတ်အဆင့်အတန်းကို ကျသွားအောင်၊ ဘ၀အဆင့်အတန်းကို ကျသွားအောင် ခွင့်ပြုထားတာနဲ့ တူတယ်။

…လူတစ်ယောက်ရဲ့ စိတ်နေသဘောထား၊ အကျင့်သီလ၊ အသိဥာဏ်၊ လုပ်ရည်ကိုင်ရည် စသည်ဖြင့် အားလုံး အဆင့်မြင့်မားလာဖို့အရေးမှာ အခြေခံ အကျဆုံး အချက်ဟာ သတိပဲ။

 

…စိတ်ထားတွေ၊ အသိဥာဏ်တွေ၊ လုပ်ရည်ကိုင်ရည်တွေ၊ လူမှုရေး၊ စီးပွားရေးတွေပါ တဖြည်းဖြည်း တိုးတက်လာချင်ရင် တတ်နိုင်သလောက် ကိုယ့်စိတ်ကို သိပြီးနေပါ။

 

…ပစ္စည်းကောင်းတွေ သုံးနိုင်ရုံနဲ့ အဆင့်အတန်း မြင့်တဲ့သူ မဖြစ်သေးဘူး။ စိတ်နေသဘောထား အဆင့်အတန်းမြင့်မှ အဆင့်အတန်းမြင့်တဲ့သူလို့ ဆိုနိုင်တယ်။ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံ အဆင့်အတန်းမြင့်မှ အဆင့်အတန်းမြင့်တဲ့သူဖြစ်တယ်။

 

…Self-perfection  is culture. ဆိုတာ “ မိမိကိုယ်ကို ကောင်းသည်ထက် ကောင်းအောင် ချို့ယွင်းချက် ကင်းအောင် လုပ်တာဟာ ယဉ်ကျေးမှုပါ ”

 

……Self-perfection ဆိုတာ ရုပ်ရည်ကို  perfect ဖြစ်အောင် လုပ်တာကို ပြောတာ မဟုတ်ဘူး။ ခန္ဓာကိုယ်ကြီးကို ချို့ယွင်းချက်ကင်းအောင်၊ perfect ဖြစ်အောင် ဘယ်လိုမှ လုပ်လို့မရဘူး။ ဒါဖြင့်ရင် perfect ဖြစ်အောင်၊ ကြာလေ ပိုကောင်းလေဖြစ်အောင် ဘယ်ဟာကို လုပ်ရင်ရမှာလဲဆိုတော့ စိတ်ပဲရတယ်။ ဘုရားဟောတဲ့ ကိလေသာတွေ လုံးဝ ကင်းတဲ့ထိအောင် တရားအားထုတ်ဖို့ဆိုတာဟာ Self-perfection ပဲ။ ဒါကြောင့် ရဟန္တာဖြစ်သွားရင် စိတ်က perfect ပဲနော်။ ချို့ယွင်းချက် ကင်းသွားတယ်။ အဲသလိုဆိုရင် အဲဒီရှုထောင့်ကနေ ကြည့်တော့ ဘုရားဟောတဲ့ တရားတော်တွေက အမြင့်ဆုံး ယဉ်ကျေးမှု ဖြစ်သွားတယ်။

 

…ကိုယ်ဘ၀ကို တကယ်ပိုကောင်းအောင် လုပ်တဲ့အခါမှာ သေချာတဲ့နေရာက စပါ။ စိတ်ထားကောင်းအောင် အရင်လုပ်ပါ။ တည်ငြိမ်အေးချမ်းအောင်၊ ရိုးသားဖြောင့်မတ်အောင်၊ ကိုယ်ချင်းစာတတ်အောင်၊ ကူညီတတ်အောင်၊ မနာလို ၀န်တိုစိတ် နဲအောင်၊ မုဒိတာများအောင်၊ တစ်ကိုယ်ကောင်း မဆန်အောင်၊ ခွင့်လွှတ်တတ်အောင်၊ အကောင်းမြင်တတ်အောင် နေ့စဉ် စိတ်ကို သတိနဲ့ စောင့်ကြည့်ရင်း လေ့ကျင့်ယူပါ။

 

…၀မ်းနဲဝမ်းသာ များလွန်းတဲ့သူဟာ ဘ၀လမ်းကြောင်း မဖြောင့်ဘူး၊ ၀မ်းနဲဝမ်းသာ ဖြစ်တိုင်း ဘ၀လမ်းကြောင်း ကွေ့ကောက်သွားတယ်။

 

…ကိုယ့်စိတ်ကို ကိုယ်သိပြီးတော့ ၀မ်းနဲ ၀မ်းသာဖြစ်တာတွေ၊ ကျေနပ်တာ မကျေနပ်တာ ဖြစ်တာတွေ အဖြစ်နဲအောင် နေနိုင်တဲ့သူရဲ့စိတ်ဟာ ကြည်လင်အေးချမ်းမှု ပိုရှိတယ်။

 

…ကြည်လင်အေးချမ်းတဲ့စိတ်နဲ့ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ဖြောင့်ဖြောင့် သွားလို့ရတယ်။

 

…သတိနဲ့နေတဲ့ အလေ့အကျင့်ကို စွဲစွဲမြဲမြဲ နေ့စဉ် တစ်နေ့လုံး သတိရတိုင်း လေ့ကျင့်လာတဲ့သူဟာ တဖြည်းဖြည်းနဲ့ မြင်ရတဲ့အခါမှာ ဖြစ်လာတဲ့ အတွေးအမျိုးမျိုး၊ ကြားရတဲ့အခါမှာ ဖြစ်လာတဲ့ အတွေးအမျိုးမျိုး၊ စားသောက်ရတဲ့အခါ ဖြစ်လာတဲ့ အတွေးအမျိုးမျိုး၊ ခံစားမှုအမျိုးမျိုးနဲ့ မြင်တာ ကြားတာ အပေါ်မှာ သဘောထား အမျိုးမျိုးဖြစ်နေတာကို ပိုပြီး အသေးစိတ် မြင်လာတယ်၊ သိလာတယ်။ လိုချင်နေတဲ့စိတ် အမျိုးမျိုး၊ လိုချင်တာ မရမှာ စိုးရိမ်တဲ့စိတ်အမျိုးမျိုး၊ လိုချင်တာ ရတဲ့အခါ ဖြစ်တဲ့ ပျော်ရွှင်မှု၊ ကျေနပ်မှု၊ မာန စတဲ့ စိတ်ရဲ့သဘာဝတွေကိုလည်း ပိုသိလာတယ်။ အဲဒီအခါမှာ ဖြစ်သမျှကို ဘေးကနေ ပွဲကြည့်ပရိသတ်လို သဘောထားမျိုးနဲ့ အေးအေးဆေးဆေး ကြည့်နိုင်တယ်။

 

…အဲဒီလို ပွဲကြည့်ပရိသတ်လို ဘာမှ ၀င်မစွက်ပဲ အေးအေးဆေးဆေး ကြည့်နိုင်တဲ့ အရည်အချင်းဟာ အင်မတန် အရေးကြီးတဲ့ တန်ဖိုးရှိတဲ့ အရည်အချင်းဖြစ်တယ်။ အဲဒီလို ကြည့်နိုင်လေလေ အမြင်ရှင်းလေလေပဲ။ အမြင်ရှင်းလေလေ အသိဥာဏ် အဆင့်အတန်း မြင့်မားလေလေပဲ။ အသိဥာဏ် အဆင့်အတန်း မြင့်မားလေလေ စိတ်မှာ လွတ်လပ်မှု ပိုရှိလေလေ ဖြစ်မယ်။

 

…ကိုယ့်စိတ်ထားတွေကို ပိုပြီးတော့ တည်ငြိမ်အောင်၊ အေးချမ်းအောင်၊ ချမ်းသာအောင်၊ တကယ်အဆင့်အတန်းမြင့်တဲ့ အသိဥာဏ်တွေ၊ စိတ်ထားတွေရအောင် လုပ်ချင်တယ်ဆိုရင် သတိနဲ့နေတဲ့အကျင့်ကို လုပ်မှဖြစ်မယ်။

 

…အဲဒီလို သတိနဲ့နေတဲ့အကျင့်ကို လုပ်လေလေ ကိုယ့်ရဲ့ philosophy of life ဘ၀အမြင်၊ ကိုယ့်ရဲ့ခံယူချက်၊ ကိုယ့်ရဲ့ သဘောထားတွေက ပိုပြီးတော့ ပီပြင်လေ ဖြစ်လာတယ်။ ငါဘာအတွက် အသက်ရှင်နေတာလဲဆိုတာ ပိုပြီးတော့ ရှင်းရှင်း လင်းလင်းသိလာတယ်။ ငါဘာအတွက် အသက်ရှင်နေတာလဲဆိုတာကို သေသေချာချာ သိရတာဟာ တော်တော် စိတ်ချမ်းသာစရာကောင်းတယ်။

 

…ကိုယ့်စိတ်ကို ကိုယ် သိပြီးတော့ ပိုပြီး သဘောထားမှန် ပြင်နိုင်တာဟာ လူသားရဲ့ ထူးခြားတဲ့ အရည်အချင်း၊ စွမ်းရည်သတ္တိ၊ (power) ဖြစ်တယ်။

 

…တိရစ္ဆာန်တွေဟာ ကိုယ့်စိတ်ကို ကိုယ်ပြန်မကြည့်နိုင်ဘူး။ မသိနိုင်ဘူး။ ဒါကြောင့် ပြင်လည်း မပြင်နိုင်ဘူး။ သူတို့ဟာ ဗီဇစိတ်ရဲ့ ကန့်သတ်မှုထဲက ထွက်လို့ မရဘူး။ သူတို့စိတ်ကို သူတို့ ပိုကောင်းအောင် လုပ်လို့မရဘူး။ လူသာလျှင် ထူးထူးခြားခြား ကိုယ့်စိတ်ကို ကိုယ်သိပြီး ပြင်နိုင်တဲ့ သတ္တ၀ါဖြစ်တယ်။ ဒါကြောင့် ဒီအရည်အချင်းကို ထိထိရောက်ရောက် သုံးနိုင်ရင် လူတစ်ယောက်အနေနဲ့ ဖြစ်နိုင်တဲ့ အဆင့် မြင့်မားတဲ့လူသားဖြစ်လာမယ်။

 

…ကိုယ့်စိတ်ကိုကိုယ် သိတဲ့အခါမှာ စိတ်ကို ပူလောင်စေတဲ့ လောဘတွေ၊ ဒေါသတွေ၊ မာနတွေ၊ မနာလို ၀န်တိုတဲ့စိတ်တွေ ပါးသွားတဲ့အခါမှာ စိတ်က အင်မတန် ချမ်းသာလာတယ်။ ပေါ့ပါးလာတယ်။ ကိုယ့်ကိုယ်ကိုလည်းပဲ ပိုပြီးတော့ ချစ်လာတယ်။ ကိုယ့်ကိုယ်ကို  ပိုပြီးတော့လည်း လေးစားလာတယ်။ စိတ်ဓါတ်အင်အားတွေလည်း တက်လာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလည်း ပိုရှိလာတယ်။ အသိဥာဏ်လည်း တော်တော်မြင့်လာတယ်။ ကိုယ့်အသိဥာဏ်ကို ကိုယ် ယုံကြည်လာတယ်။ ကိုယ့်အသိဥာဏ်ကို ကိုယ်ယုံကြည်လာလို့ ကိုယ့်ကိုယ်ကိုကိုယ် လေးစားမှု ပိုရှိလာပြန်တယ်။

 

…ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရဆရာတော်)၏  စိတ်ကို သတိဖြင့်နေနည်းနှင့် စိတ်ထားတတ်စေရန် နည်းလမ်းကောင်းများကိုဖတ်ပြီး စိတ်ကြည်နူးချမ်းမြေ့ရပါသောကြောင့် ကမ္ဘာသစ်မှ ဓမ္မမိတ်ဆွေသူငယ်ချင်းများအားလုံး စိတ်ချမ်းသာကြစေရန်နှင့် နှလုံးသွင်းနိုင်ကြစေရန်  အပိုင်း (၁) မှ (၁၁) အထိ ဓမ္မဒါနပြုပါမည်။                                                        

မေတ္တာဖြင့်..

.အေးအေးမိုးမိကူး      

                                                                                                                  www.newworldnanda.ning.com                                                                          

Views: 440

Tags: ဘာသာရေး

Comment

You need to be a member of ကမ္ဘာသစ် to add comments!

Join ကမ္ဘာသစ်

Comment by khaing zar aung on April 1, 2012 at 7:25pm

ကောင်းလိုက်တာ...ကျေးဇူးတင်ပါတယ်နော်.....

Comment by khaingsukyi on October 22, 2011 at 11:47am
ကောင်းလိုက်တာ...ကျေးဇူးနော် မမိုး...
Comment by MML on October 21, 2011 at 9:29pm
words of knowledge of ဆရာတော်ဦးဇောတိက---ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် ma အေးအေးမိုးမိကူး.Will be awaiting to read next 10 posts related with this subject. May you be able to be mindful & become peaceful too.
With metta, MML
Comment by dawkyikyiwin on October 15, 2011 at 6:18pm

တန်ဖိုးရှိတဲ့ဘာသာရေးဆောင်းပါးကိုဖတ်ရှုမှတ်သားခွင့်ရတဲ့အတွက်ကျေးဇူးပါနော

Comment by THAN PO on October 15, 2011 at 4:09pm
ကျေးဇူးတင်ပါတယ်။
Comment by lazyboy on October 14, 2011 at 8:05pm

ဖတ်ခွင့်ရတဲ့ .. အတွက် .. ကျေးဇူး အထူးတင်ပါတယ် .. ။

ပျော်ရွှင်ပါစေ .. ။

Comment by maohnmar hlaing on October 14, 2011 at 5:38pm
thanks so much
Comment by tin tin htwe on October 14, 2011 at 12:42pm

thank a lot for sharing

 

About

Nanda created this Ning Network.

Fan Page ( ကမ္ဘာသစ် )

Online Visitors

ကမ္ဘာသစ် ဧည့်သည်နိုင်ငံများ



free counters

ကမ္ဘာသစ် စာစုများ

Forum

Nanda - Fan Page

ကမ္ဘာသစ် စာစုများအား ကော်ပီကူးယူ၍ Mail တွင်ဖြန့် ဝေခြင်း၊ ပိုစ့်များအား ကူးယူ၍ အခြားဝက်ဘ်ဆိုက်များတွင် သွားရောက်တင်ခြင်းများကို ခွင့်မပြုပါ


Notes

Notes Home


Created by Nanda Jun 7, 2009 at 3:21pm. Last updated by Nanda Nov 6, 2009.

© 2012   Created by Nanda.   Powered by

Badges  |  Report an Issue  |  Terms of Service