*** သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၆) (ဆရာတော်ဦးဇောတိက)…

 

 

…သတိက အဆင်သင့်ရှိနေရင် မကျေနပ်တဲ့ စိတ်ကလေး ဖြစ်လာတဲ့အခါမှာ ဖြစ်ဖြစ်ချင်း ချက်ချင်းမြင်နိုင်တယ်။ ဒီစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးလေးပဲ၊ ဒေါသစိတ်ကလေးပါ၊ ငါမဟုတ်ဘူး၊ သူ့သဘာဝနဲ့သူပဲ၊ အဲဒီလို ဒေါသစိတ်ကို ငါမဟုတ်တဲ့ စိတ်အနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။ အဲဒီဒေါသစိတ်ကို ငါ့စိတ်လို့ မြင်နေရင် ငါမကျေနပ်ဘူးဆိုတဲ့ အတွေးကြောင့် ငါကျေနပ်အောင် ဘာလုပ်ရမလဲဆိုတဲ့ နောက်ဆက်တွဲတွေ အများကြီး ဆက်တွေးရတော့တယ်။ ငါမဟုတ်ဘူးလို့ မြင်လို့ရှိရင် ရှေ့ဆက်စရာ မရှိတော့ဘူး။ အဲဒီနေရာတင် ရပ်လို့ရတယ်။ ဇာတ်လမ်း မရှည်တော့ဘူး။

…ကိလေသာ အကြောက်ဆုံးအရာက အနတ္တဥာဏ်နဲ့ အေးအေးဆေးဆေး ကြည့်တာပဲ။ အေးအေးဆေးဆေးကြည့်နိုင်ရင် ကိလေသာဟာ စိတ်ဝင်စားစရာ အင်မတန်ကောင်းတာကို တွေ့ရတယ်။ ကိလေသာဟာ မဟုတ်တာကို အဟုတ်လို့ ထင်အောင် အမျိုးမျိုး ဖန်တီးပြနိုင်တယ်။ ဒါကြောင့် ပယ်ဖို့ထက် သိဖို့ ပိုအရေးကြီးတယ်။

 

…ကိုယ့်မှာ ကိလေသာ ကင်းသလား၊ မကင်းဘူးလားဆိုတာ သူများကို သွားမမေးပါနဲ့၊ အချိန်တန်တော့ သူ့ဟာသူပြပါ လိမ့်မယ်နော်။ လောကဓံတရားက စာမေးပွဲစစ်ပေးမယ်။

 

…ကိုယ့်မှာ ဣဿာမစ္ဆရိယဖြစ်တာကို ဖြစ်မှန်းသိလိုက်ရတာ အကျိုးအင်မတန်များပါတယ်နော်။ ကိုယ့်ချို့ယွင်းချက်ကို မသိဟန်ဆောင်ထားတာ ဖုံးထားတာဟာ အမှန်တော့ ကိုယ်ပဲ ထိခိုက်တယ်၊ နစ်နာတယ်။

 

…လောဘဟာ ကလေးဆန်တယ်။ ဒေါသဟာ သိပ်ကလေးဆန်တယ်။ မာန ဣဿာ မစ္ဆရိယ စသည် သူတို့မရှိတဲ့အခါမှာ တကယ့်ကို ရင့်ကျက်မှု အပြည့်ရှိနေတာပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ရင့်ကျက်မှုရှိလာအောင် တကယ်အသိဥာဏ်ရှိတဲ့ လူကြီးဖြစ်လာအောင်ဆိုရင် သတိနဲ့နေမှ ဖြစ်တော့မှာ။

 

…လောဘ၊ ဒေါသ၊ မာန၊ မနာလိုဝန်တိုမှု၊ ယုံမှားသံသယဖြစ်မှု၊ စိတ်ပျံ့လွင့်မှု၊ ထိုင်းမှိုင်းတွေဝေမှု စတာတွေဟာ ရန်သူစိတ်တွေပဲ။ ကိလေသာအကြောက်ဆုံးဟာ သူ့ကို ရန်လုပ်တာ မဟုတ်ဘူး။ ကိလေသာအကြောက်ဆုံးဟာ သူ့ကို သတိနဲ့ဥာဏ်နဲ့ အေးအေးဆေးဆေး ကြည့်တာကို အကြောက်ဆုံးပဲ။

 

…ကိလေသာရဲ့သဘောက ငါနဲ့ပေါင်းစပ်မိရင် အင်အားပိုပြီး ကြီးတတ်တယ်။ ကိလေသာဟာ အတ္တရဲ့အကူအညီကို မရရင် အားနဲသွားတယ်။ ဘယ်လိုကိလေသာဖြစ်ဖြစ်၊ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ မာနဖြစ်ဖြစ် ငါဆိုတဲ့ သက္ကာယဒိဋ္ဌိရဲ့ အထောက်အပံ့ကို မရရင် သူသိပ်အားမကြီးဘူး။ ဖြစ်ကြောလည်း မရှည်ဘူး။ မြန်မြန်နဲ့ပြေသွားတယ်။

 

…ဒါကြောင့် လောဘ၊ ဒေါသ၊ မာန၊ မနာလိုဝန်တိုမှုတွေကို အနတ္တအဖြစ်နဲ့မြင်ရင် သူအင်အားနဲပြီးတော့ နောက်ဆုတ် သွားမှာပါ။ ပြီးတော့ သူ့ဆီက ပညာနဲ့ အသိဥာဏ်လည်း ရလိုက်မယ်။ သူက ကိုယ့်ကို ပညာအသိဥာဏ်တွေ ပေးသွားတာပဲ။ ဒါကြောင့် စိတ်ဓါတ်ခိုင်မာလာတယ်။ အတွင်းမှာ အင်အားတွေ ရှိလာတယ်။ အင်မတန် ရင့်ကျက်တည်ငြိမ်တဲ့သူ ဖြစ်လာတယ်။

 

…ရုပ်ပိုင်းဆိုင်ရာ အုတ်တွေ၊ ကျောက်တွေ၊ သံတွေနဲ့ ဆောက်ထားတဲ့ ရဲတိုက်ကြီးကတော့ လူပုဂ္ဂိုလ်လို ပြင်ပရန်သူကိုပဲ ကာကွယ်နိုင်ပါတယ်နော်၊ ကိုယ့်စိတ်ထဲကို အမြဲဝင်နေတဲ့ ကိလေသာရန်သူကိုတော့ ၀င်မလာအောင် အကာအကွယ် မပေးနိုင်ပါဘူး။ ကိလေသာရန်သူ စိတ်ထဲကို ၀င်မလာအောင် သတိ၊ သမာဓိ၊ ဥာဏ်ပညာကသာ ကာကွယ်နိုင်တာပါ၊  ပြင်ပက ရန်သူထက် ကိလေသာရန်သူက ပိုကြောက်စရာ ကောင်းပါတယ်။

 

…သမထက စိတ်ကို တခြားအာရုံ မရောက်အောင် အတင်းချုပ်ထားတာ၊ ဖမ်းထားတာ၊ ထိန်းထားတာ၊ ထွက်မလာအောင် အပေါ်ကနေ ဖုံးထားတယ်။ ဖိထားတယ်။ ၀ိပဿနာက ဖုံးထား ဖိထားတာ မဟုတ်ဘူး။ ၀ိပဿနာဘာဝနာက စိတ်မှာဖြစ်တတ်တဲ့ ကိလေသာရဲ့ သဘာဝကို နက်နက်နဲနဲ သိသွားပြီးတော့ အသိဥာဏ်နဲ့ ပယ်လိုက်တာ၊ အတွင်းကနေ သူ့ရဲ့အကြောင်းရင်းကို ကုလိုက်သလိုပဲ။ ကိလေသာကို အရင်းအမြစ်ကနေပြီးတော့ တစ်ခါတည်း ပယ်နိုင်အောင် အားထုတ်တဲ့ ဘာဝနာဖြစ်တဲ့အတွက်ကြောင့် ပိုပြီးတော့ နက်နဲတယ်။ ဥာဏ်အများကြီး ပါပါတယ်။

 

…စိတ်ထဲမှာ လောဘဖြစ်တယ် ဆိုပါတော့၊ အဲဒီလောဘကို ဖိဖို့ ဖုံးထားဖို့ မကြိုးစားပဲနဲ့ အဲဒီလောဘရဲ့သဘာဝကို စိတ်ပါလက်ပါ စိတ်ရှည်လက်ရှည် သေသေချာချာ ကြည့်တာပဲ။ သေသေချာချာ ကြည့်ပါများရင် လောဘဖြစ်စရာ အာရုံတစ်ခုနဲ့ စိတ်နဲ့ တိုက်ဆိုင်မှုရှိတဲ့အခါ လောဘဖြစ်တယ်ဆိုတာကို ကိုယ်တိုင်မြင်ရတယ်။ ကိုယ်တိုင် သိရတယ်နော်။

 

…အဲဒီလို ကြည့်တဲ့အခါမှာ အဲဒီလောဘဖြစ်တဲ့ စိတ်ကိုပဲ စိတ်ဝင်စားစရာ၊ အံ့သြစရာတစ်ခုအနေနဲ့ မြင်ရတယ်။ ငါ့စိတ်လည်း မဟုတ်တော့ဘူး။ စိတ်နဲ့အာရုံတစ်ခုနဲ့ တိုက်ဆိုင်တဲ့အခါမှာ ဖျတ်ကနဲ ပေါ်လာတဲ့ စိတ်ကလေးတစ်ခုပဲ။ တော်တော်အံ့သြဖို့ကောင်းတယ်။ ငါ့စိတ်မဟုတ်တော့ဘူးဆိုရင်ကိုပဲ အနတ္တသဘော ဖြစ်သွားပြီနော်။ အနတ္တဥာဏ်နဲ့ မြင်နိုင်မှသာ အမြင်မှန်တစ်ခုကို ရပြီလို့ ပြောလို့ရတယ်။

 

…လောဘကို ချက်ချင်း မပယ်နိုင်သေးဘူးနော်။ ဒီလိုနည်းနဲ့ တရားကို အားထုတ်သွားတဲ့အခါမှာ တဖြည်းဖြည်းနဲ့ စိတ်ထဲမှာ လောဘဖြစ်တဲ့အခါ သိတယ်။ ဒေါသဖြစ်တဲ့အခါ သိတယ်။  မာနဖြစ်တဲ့အခါ သိတယ်။ ဣဿာမစ္ဆရိယဖြစ်တဲ့ အခါ သိတယ်။ ဒီလိုသိရင်းသိရင်းနဲ့ ဒီလိုသိတဲ့ အသိဥာဏ်ဟာ ကြာလေကြီးလေ ဖြစ်လာတယ်။ လောဘ၊ ဒေါသ မာနတွေ ကတော့ ချက်ချင်း မပျောက်သေးဘူးနော်။ ဒါပေမယ့် သူတို့ကို သိတဲ့အသိဥာဏ်က ကြီးလာတယ်။

 

…ဒါကြောင့် ဗုဒ္ဓဘာသာတရားမှာ ပယ်ဖို့ထက် သိဖို့က ပိုအရေးကြီးတယ် လို့ ပြောတာနော်။ အသိဥာဏ်ကြီးလာမှ အဲဒီအသိဥာဏ်က သူ့ဟာသူ ပယ်သင့်တဲ့ကိလေသာကို ပယ်တာပဲ။ ငါက ပယ်လိုက်တာ မဟုတ်ဘူး။ ဒါကြောင့် အတ္တနဲ့ ပယ်လို့ မရဘူး။ အနတ္တနဲ့မှပဲ ပယ်လို့ရတယ်။

 

…အကြည့်ခံဖြစ်တဲ့ အာရုံကလည်း အနတ္တပဲ၊ ကြည့်နေတဲ့ စိတ်ကလည်း အနတ္တပဲ၊ နှစ်ခုစလုံး အနတ္တဖြစ်သွားတယ်။ အဲသလိုဖြစ်သွားရင် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းရတာ ပိုလွယ်သွားတယ်။

 

…အားလုံးဟာ အနတ္တပါလားလို့ တကယ်မြင်ရင် ဘာရှေ့ဆက်စရာရှိသေးလဲ၊ ဘာမှ ဆက်စရာ မရှိတော့ဘူး။ အဲဒီမှာ လမ်းဆုံးသွားပြီ။ အားလုံးကိုသာ အနတ္တလို့မြင်ရင်၊ အားလုံးကိုသာ အနိစ္စလို့မြင်ရင် ရှေ့ဆက်စရာ ဘာမှမရှိတော့ဘူး။ ဇာတ်လမ်းက အင်မတန်တိုတယ်။ ဇာတ်လမ်းတွေရှည်နေကြတာဟာ အတ္တကြောင့်ပါ။

 

…ခံစားချက်တစ်ခုခု၊ ဥပမာ-လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ မာနဖြစ်ဖြစ်၊ မနာလိုဝန်တိုစိတ်ဖြစ်ဖြစ်၊ ကြောက်စိတ်ဖြစ်ဖြစ်၊ အားငယ်စိတ်ဖြစ်ဖြစ် အဖြစ်များလို့ရှိရင် အဲဒီခံစားချက်က စိတ်ထဲမှာ နေရာအပြည့် ယူထားလိုက်တယ်။ နေရာမဖယ် တော့ဘူး။ တွေးသမျှ အတွေးတွေဟာ အဲဒီနား ပတ်ဝန်းကျင်မှာပဲ တွေးတော့တာပဲ။ ခံစားမှုတစ်ခုထဲမှာ ချောင်ပိတ်မိ နေတာဟာ ဘယ်လောက် ပင်ပန်းသလဲဆိုတာ သိကြပါတယ်။

 

…သတိနဲ့နေတဲ့ အလေ့အကျင့်ကို လုပ်လာတဲ့အခါမှာ ပစ္စုပ္ပန် တကယ်တည့်သွားတဲ့အချိန်မှာ အဲဒီချောင်ပိတ်မိနေတဲ့ စိတ်ဟာ မရှိတော့ဘူး။ ပစ္စုပ္ပန် တကယ်တည့်ပြီဆိုရင် ငါဆိုတာတောင် ပျောက်သလိုဖြစ်သွားတယ်။ သိတာပဲရှိတော့တယ်။ အဲဒီလို ငါဆိုတာပါ ပျောက်ပြီးတော့ သိတဲ့သဘောသက်သက် ဖြစ်လာတဲ့အချိန်မှာ စိတ်ကတည်ငြိမ်ပြီးတော့ အေးချမ်း နေတယ်။  လွတ်လပ်နေတယ်။ အဲဒီအချိန်မှာ အတိတ်မရှိဘူး၊ အနာဂတ်မရှိဘူး၊ ငါမရှိတော့တဲ့ သတိ၊ သမာဓိမျိုးကြုံဖူးရင် ထွက်လမ်းကို သိပြီး ချောင်ပိတ်မိရင် ခဏပဲ။ ဒီနည်းကို မသိရင် ကိုယ့်အတွေးက ကိုယ့်ကို နှိပ်စက်တာကို ကောင်းကောင်း ခံရမယ်။

 

…သိနေလို့ရှိရင် လုံးဝအတွေးအတော မရှိတော့တဲ့အခါမှာ ဒီလိုသိရတဲ့အာရုံကို ငါလို့မထင်တော့ဘူး။ ပထမတော့ ငါ့လက်ကပူနေတာလို့ ထင်တာ၊ ငါ၊ လက်၊ ပူ သုံးခုကို တွဲထားတာ။ နောင်သတိ အင်မတန်ကောင်းလာတဲ့အခါမှာ   လုံးဝ အတွေးအတောမရှိ၊ ပစ္စုပ္ပန်တကယ်တည့်တဲ့အချိန်မှာ ငါလည်း မဟုတ်တော့ဘူး။ လက်လည်း မဟုတ်တော့ဘူး။ ပူတာပဲ ရှိတော့တယ်။ ငါဆိုတဲ့ ပညတ် ကွာသွားပြီ။ လက်ဆိုတဲ့ ပညတ်လည်း ကွာသွားပြီ။ ပူတယ်ဆိုတဲ့ သဘာဝတစ်ခုကိုပဲ သိနေရတော့တာ။

 

…အဲသလို ငါလည်းမဟုတ်၊ လက်လည်းမဟုတ်ပဲ ပူတာကို သိတဲ့အချိန်မှာ ပရမတ်ကို သိတယ်။ ပညတ် မပါတော့ဘူး။ ငါပူတာ မဟုတ်တော့ဘူး။ လက်ပူတာ မဟုတ်တော့ဘူး။ ပူတာဟာ ပူတာပဲ။ ရုပ်အပေါ်မှာ ငါဆိုတဲ့ အထင်အမြင်မှားမှုဟာ ပျောက်သွားပြီ။

 

…အဲဒီလို ပစ္စုပ္ပန် တကယ်တည့်တဲ့အချိန်၊ ပညတ်မပါပဲနဲ့ ပရမတ်ကို တကယ်သိတဲ့အချိန်မှာ အမှန်ကို သိတာပဲ။ အမြဲတမ်း ငါဆိုပြီးတော့ စွဲလာတဲ့ အစွဲကြီးဟာ အဲဒီအချိန်မှာ ခဏလောက် ပျောက်သွားတယ်။ သိတဲ့စိတ်ကလေး ရှိတယ်။ သိရတဲ့အာရုံရှိတယ်။ ကျန်တာဘာမှ မ၇ှိတော့ဘူး။ အဲဒီလို အသိအမြင်ဟာ အင်မတန် ထူးဆန်းတယ်။ အဲဒီအချိန်မှာ ဖြစ်နေတဲ့ အသိဥာဏ်ဟာ အင်မတန် နက်နဲတယ်။ အာရုံက ရိုးတယ်၊ သိတာလည်းပဲ ရိုးရိုးလေးပဲ သိတယ်။ သို့သော်လည်း ဖြစ်ပေါ်လာတဲ့ အသိဥာဏ်က အင်မတန်ကြီးကျယ်တယ်။

 

…အဲသလို ရိုးရိုးနဲ့ နက်နက်နဲနဲသိအောင် တရားအားထုတ်ရတာပဲ။ ဆန်းဆန်းပြားပြားသိဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ကိုယ့်ခန္ဓာကိုယ်မှာဖြစ်တဲ့ သဘာဝကို အမှန်အတိုင်းသိဖို့ပဲ ကြည့်နေတာ။

 

…အဲဒီလို ဘယ်အရာကို ကြည့်ကြည့် သဘာဝအဖြစ်နဲ့ပဲ မြင်တယ်၊ ပုဂ္ဂိုလ်သတ္တ၀ါအဖြစ်နဲ့ မမြင်တော့ဘူး။ အဲဒီဥာဏ်ဆိုတာ နဲနဲနောနော ဥာဏ်မဟုတ်ဘူးနော်။ နာမ်ရုပ်ကို ကွဲကွဲပြားပြား ပိုင်းခြားပြီးတော့ သိတဲ့ဥာဏ်ဖြစ်သွားပြီ။

 

…အတွေးအခေါ်တွေ ဘယ်လောက်ပဲ ကြီးကြီးကျယ်ကျယ် နက်နက်နဲနဲတွေ ဖတ်ရှုနေအုံးတော့ ဒီလောက်နက်နဲတဲ့ ဥာဏ်မျိုး ရဖို့ရာ မလွယ်ဘူး။

 

…အဲဒီဥာဏ်မျိုး ရတဲ့သူဟာ နဂိုတုန်းက သူသိထားတဲ့ အသိအမြင် အထင်မှားမှုတွေဟာ ပျောက်ကုန်တယ်။ သူ့ရဲ့စိတ်နေ စိတ်ထားပါ တစ်ခါတည်း ပြောင်းလဲသွားတယ်။ အသိဥာဏ်ပါ ပြောင်းသွားတယ်။ စိတ်နေသဘောထား၊ အပြုအမူ၊ အသိအမြင် ပြောင်းလဲသွားတာ၊ ပြောင်းလဲတာမှ တကယ့်ကို သိသိသာသာကြီး ပြောင်းလဲသွားတာ။ ထိထိရောက်ရောက် ကြိုးစားလို့ရှိရင် အဲဒီလို ဥာဏ်မျိုးဖြစ်လာမယ်။ အဲဒီအနတ္တဥာဏ်က စိတ်ကို အင်မတန် ချမ်းသာစေတယ်နော်။ ပစ္စုပ္ပန်မှာ တည့်တည့်နေတဲ့အကျင့်က အမြတ်ဆုံးအကျင့်ပဲ။ အမြတ်ဆုံးဘ၀ပဲ။

 

…ကြံစည်တွေးတောပြီးမှ သိလို့ရတဲ့အာရုံဟာ ပစ္စုပ္ပန်တည့်တည့် အာရုံမဟုတ်ဘူး။ ပရမတ်လည်း မဟုတ်ဘူး။ စိတ်ကူးနဲ့ သိလို့ရတဲ့အတွက်ကြောင့် ပညတ်ပဲဖြစ်နေတယ်။ တွေးနေတာမဟုတ်ပဲနဲ့ စိတ်ကို တကယ်ထိပြီးတော့ သိနေတဲ့အချိန်မှာ ပရမတ် တည့်နေတာပဲ။

 

…စိတ်ဟာ ပစ္စုပ္ပန်မှာ အနေများလာတဲ့အခါ ဘ၀ရဲ့ Quality ဟာ အင်မတန် မြင့်မားလာတယ်။ စိတ်ရဲ့ (Quality) အရည်အသွေးတွေဟာ မြင့်မားလာတယ်။ စိတ်ထဲမှာဖြစ်တဲ့ လောဘ၊ ဒေါသတွေ၊ ပျံ့လွင့်မှုတွေ၊ စိတ်ဆင်းရဲမှုတွေ တဖြည်းဖြည်း ရှင်းသွားတယ်။ သူတို့ ရှင်းသွားရင် စိတ်ရဲ့အရည်အသွေး ဘယ့်နှယ့်နေမလဲ။ မြင့်လာတယ်၊ အေးချမ်း တည်ငြိမ်မှု၊ သန့်ရှင်းမှု ရှိလာတယ်။

 

...အပိုင်း (၇) ဆက်လက် မျှဝေပေးပါမည်...။


www.newworldnanda.ning.com

Views: 304

Tags: ဘာသာရေး

Comment

You need to be a member of ကမ္ဘာသစ် to add comments!

Join ကမ္ဘာသစ်

Comment by minminthan on December 23, 2011 at 11:36am

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်..တရားအသိလေးတွေကိုသိခွင့်ရတဲ့အတွက်..

Comment by Nanda on December 5, 2011 at 6:51pm

ဆရာတော်ရဲ့စာစုတွေ မကြာခဏ ပြန်လည်းဖတ်ရှုဖြစ်ပါတယ်

Comment by ayeayemoemeeku on December 2, 2011 at 7:48pm

...ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်ရှင့်...

Comment by dawkyikyiwin on December 2, 2011 at 12:58pm

ကောင်းလိုက်တာ။အရမ်းကိုအနှစ်သာရရှိတဲ့ဘာသာရေးဆောင်းပါးကိုဖတ်ရလို့ကျေးဇူးတင်တယ်နော် ။ဆရာတော်ဦးဥာဏိဿရဟောတဲ့တရားထဲမှာလည်း အရာရာတိုင်းမှာစိတ်ကဦးဆောင်ပါတယ်တဲ့ ။ အပိုင်း(၇)ကိုစောင့်ဖတ်မယ်နော်

About

Nanda created this Ning Network.

Fan Page ( ကမ္ဘာသစ် )

Online Visitors

ကမ္ဘာသစ် ဧည့်သည်နိုင်ငံများ



free counters

ကမ္ဘာသစ် စာစုများ

Forum

Nanda - Fan Page

ကမ္ဘာသစ် စာစုများအား ကော်ပီကူးယူ၍ Mail တွင်ဖြန့် ဝေခြင်း၊ ပိုစ့်များအား ကူးယူ၍ အခြားဝက်ဘ်ဆိုက်များတွင် သွားရောက်တင်ခြင်းများကို ခွင့်မပြုပါ


Notes

Notes Home


Created by Nanda Jun 7, 2009 at 3:21pm. Last updated by Nanda Nov 6, 2009.

© 2012   Created by Nanda.   Powered by

Badges  |  Report an Issue  |  Terms of Service